Saturday, December 1, 2012

ဖိုက်တာသားပေါက်များကျွေးမွေးပြုစုခြင်း


 ဖိုက်တာပေါက်လေးများစတင်ပေါက်ပြီး (၂-၃)ရက်ခန့် အလျားလိုက် အနေအထားဖြင့်ရေကောင်းစွာ ကူးနိုင်ချိန်မှစ၍ အစာ စတင်ကျွေးရပါမည်။ ရေကောင်းစွာမကူးနိုင်သေးချိန်တွင် အစာမကျွေးရပါ။ ထိုအချိန်တွင် အထီးကိုဖယ်ရှားနိုင်ပါပြီ။ ဖိုက်တာအမတစ်ကောင်သည် ဥပေါင်း(၂၀၀-၄၀၀)အထိ ဥချနိုင်ပါသည်။ ဖိုက်တာစပေါက်ချိန်မှ(၂)ပတ်အတွင်းသည် အသက်ရှင်နိုင်ရန် ခက်ခဲသောအချိန်ဖြစ်ပါသည်။ သားပေါက်များသည် အလွန်သေးငယ်သဖြင့်
အရွယ်ရောက်ပြီးသား ငါးများကိုကျွေးသည့်အစာများကို မစားနိုင်ပါ။ ထိုကြောင့် ဆားပုဇွန်(အာတီးမီးယား)ဥမှဖောက်ထားသော ဆားပုဇွန်ပေါက်ခါစများကို
စကျွေးရသည်။ (သို့မဟုတ် ငါးပေါက်များအတွက် သီးသန့်ထုတ်ထားသောအစာအရည်၊ ကြက်ဥအနှစ်မှုန့်တို့ကို ကနဦးအစာအဖြစ် ကျွေးရသည်။ တစ်ကြိမ်
လျှင်အနည်းငယ်သာကျွေးရမည်။ များသွားပါက ရေညစ်ညမ်းသွားမည်။) ဆားပုဇွန်များကျွေးပြီးပါက ငါးကလေးများ၏ ဗိုက်သည်လိမ္မော်ရောင်ဖြင့်ဖောင်း
ကားနေသည်ကိုတွေ့နိုင်သည်။ လေးပတ်သားအရွယ်မှစ၍ တီအရှင်သန့်သန့်ကို ဓားဖြင့်စဉ်းပြီးရေစင်စင်ဆေးပြီးပိတ်စိမ်းပါးဖြင့် စစ်ခါ ကျွေးနိုင်ပြီဖြစ်သည်။
နောက်(၁-၂)ပတ်ခန့်ကြာလျှင် တီအကောင်လိုက်စားနိုင်သောအရွယ်သို့ရောက်ပြီဖြစ်သည်။ ငါးကလေးများကို အစာတစ်နေ့ (၃-၄) ကြိမ်ခန့် ကျွေးရသည်။
(တီအစား သက်ရှိအစာများဖြစ်သော ရေသန်း၊ ပိုးလောက်လန်း ၊အာတီးမီးယားအကောင်ကြီးများကျွေးနိုင်သည်။) သက်ရှိအစာများသည် ငါးကလေးများကို
လျင်မြန်စွာ ကြီးထွားစေသည်။ ငါးကလေးများကို ပေါက်ခါစမှ(၂)ပတ်သားအထိ ရေမညစ်ပတ်လျှင်မလဲပါနှင့်။ (၂)ပတ်ကျော်လျှင် ရေ ၅၀%ကို ပိုက်ဖြင့်
ငါးကလေးများမပါစေဘဲ လဲပေးနိုင်သည်။ ရေပြန်ထည့်လျှင်ဖြည်းညင်းစွာ ပိုက်သေးသေးဖြင့်ထည့်ပါ။
            အရွယ်ရောက်လာသောအခါ ဖန်ပုလင်းငယ်များထဲသို့ တစ်ကောင်ခြင်း ခွဲထည့်ပေးရမည်။ ဤနည်းဖြင့် ဖိုက်တာသားပေါက်များကို ကောင်းမွန်စွာ
မွေးမြူနိုင်သည်။

Friday, November 30, 2012

ဖိုက်တာငါးသားဖောက်ခြင်း

 ဖိုက်တာငါးအထီးဟာ သားဖောက်ဖို့အတွက်အမြဲအဆင်သင့်ဖြစ်နေပါတယ်။ အမဟာ ဥများဖြင့်ပြည့်နေရင်တော့ သားဖောက်ဖို့အတွက်အဆင်သင့်
ဖြစ်ပါပြီ။ ငါးဂါလံဆန့်ကန်ကို အနက်လေးလက်မထက် မပိုသော pH (၆.၈) ခန့် အဆင့်ရှိရေ ဖြည့်ပြီး ရေအပူချိန် (၇၈ံ)ဖာရင်ဟိုက်ခန့် ထားပေးပါ။ ကန်၏အလယ်တွင်
မှန်တစ်ချပ်ကာပေးပါ။ တစ်ဖက်ဆီတွင် အထီးအမ တစ်ကောင်ဆီထည့်ပါ။ (သို့မဟုတ် ကန်ထဲတွင် အထီးထည့်ပြီး အမကို ဖန်ပုလင်းဖြင့်ထည့်ပြီး အထီးမြင်နိုင်အောင်
ကန်နားတွင် ကပ်ထားပါ)  အထီးရှိသောဘက်တွင် အလျား(၄)-အနံ(၃)လက်မခန့်ရှိသော ပလတ်စတစ်စကို ထည့်ပါ။ တီ၊ ပိုးလောက်လန်း စသောအစာအရှင်ကို
တစ်နေ့ (၄-၅)ကြိမ်ခန့် ကျွေးပါ။ တပတ်ခန့်စောင့်ကြည့်ပါ။ အထီးသည် ပလတ်စတစ်စအောက်တွင်အမြှပ်ဖြင့် အသိုက်ဆောက်ပါလိမ့်မည်။ ရေမနောက်လျှင်ရေမလဲပါနှင့်။
ရေလဲမည်ဆိုလျှင် ရေ(၁၀%)ခန့်ကိုပိုက်ဖြင့် စုပ်၍ အသိုက်ကိုမထိခိုက်စေဘဲ လဲပေးနိုင်သည်။
            အသိုက်သည် (၁-၂) လက်မခန့် အထူ၊ အမသည် ဥများဖြင့် ဖောင်းကားနေသောအခါ ကာထားသောမှန်ကို ဖယ်ရှားပေးပါ။(အမကို အထီးရှိသောကန်ထဲသို့
ထည့်ပါ။) အထီးသည် အမနောက်သို့လိုက် လိုက်၊အသိုက်လုပ်လိုက်ဖြင့် အလုပ်ရှုပ်နေမည်။ အမသည် ဥဥချခါနီးသောအခါ အထီးကိုယ်ကို
ပါးစပ်ဖြင့်တိုးဝင်လိမ့်မည်။ ထို့နောက် အထီးသည် အမကို ကိုယ်ဖြင့် ရစ်ပတ်ပြီး ဥများကိုညှစ်ချပါလိမ့်မည် ။ အမ၏စအိုမှ သေးငယ်ဖြူဖွေးသော ဥများကျလာပြီး
အထီးက ဥများကိုပါးစပ်ဖြင့် ငုံပြီးအသိုက်သို့ လေနှင့်အတူ မှုတ်တင်ပါလိမ့်မည်။ ဥဥချိန်သည် (၃-၄)နာရီခန့်ကြာတတ်ပါသည်။ ဥများကုန်သောအခါ အထီးသည်
အမကို အသိုက်နှင့်ဝေးရာသို့ ကိုက်ထုတ်ပါလိမ့်မည်။ ထိုအခါ အမကို ကန်မှညင်သာစွာဖယ်ထုတ်ပြီး မူလကန်တွင် ပြန်ထားပါ။ (၂-၃)ရက်ခန့်ကြာသောအခါအကောင်
စတင်ပေါက်လာမည်ဖြစ်သည်။

ဖိုက်တာငါးအထီးအမခွဲခြားနည်း



              ဖိုက်တာငါး(Bettas)သည် ထိုင်းနိုင်ငံ၏ စပါးစိုက်သောလယ်ကွင်းများတွင် စတင်တွေ့ရှိသောကြောင့် ယိုးဒယားတိုက်ခိုက်ရေးငါး ဟုလည်းခေါ်သည်။
ဖိုက်တာငါးများသည် အတူတူ တစ်ကန်တည်းထား၍ မရပါ။ ကိုက်သတ်တတ်ပါသည်။
      ဖိုက်တာငါး အထီးအမ ခွဲခြားခြင်းသည် အလွန်လွယ်ကူပါသည်။အထီးတွင် ရှည်လျားလှပ၍ အရောင်တောက်ပသောအတောင်ရှိပါသည်။ အမသည်
တို၍ မတောက်ပသော အတောင်ရှိသည်။ အမသည် ဥဥချရန် အသင့်ဖြစ်သောအခါ ၀မ်းဗိုက်သည် ဥများဖြင့်ပြည့်ပြီး ဖောင်းကားနေပါသည်။




အလှမွေးငါးကန်တစ်ခုပြင်ဆင်ခြင်း

      ငါးကန်ဆိုတာဟာငါးတွေရဲ့အိမ်ပဲဖြစ်ပါတယ်။

ငါးကန်ကိုမှန်ကန်စွာပြင်ဆင်နိုင်ဖို့အရေးကြီးပါတယ်။ သို့မှသာ နောက်ဖြစ်လာမယ့် ငါးကန်ပြဿနာတွေကို
ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ကျွန်ုပ်တို့ငါးတွေ အစာကောင်းစွာစားနိုင်ဖို့၊ အနားယူနိုင်ဖို့၊ ပျော်ရွှင်စွာကူးခတ်နိုင်ဖို့ ကျန်းမာသန့်ရှင်းတဲ့ ပတ်ဝန်းကျင်ကိုဖန်တီးပေးရ
မှာ ဖြစ်ပါတယ်။ ငါးကန်တစ်ကန်ဝယ်ယူတော့မယ်ဆိုရင် တတ်နိုင်သလောက်အရွယ်ကြီးကြီး ၀ယ်ယူပါ။ ကန်ကြီးလေ ငါးတွေအတွက် ထိခိုက်မှုနည်းလေဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ ရေမျက်နှာပြင်ကအောက်ဆီဂျင်များများပျော်ဝင်နိုင်၊ အညစ်အကြေးအဆိပ်အတောက်တွေစုပုံမှုနည်းနိုင်၊ တည်ငြိမ်သောပတ်ဝန်းကျင်ကိုပေး
နိုင်တဲ့ ရေထုထည်များများရှိလို့ ဖြစ်ပါတယ်။ ကန်အမြင့်ထက် အလျား၊အနံပိုရှည်သောကန်မျိုးကို ၀ယ်ယူပါ။ ငါးကန်ကို ငါးမထည့်မီ ၁-၂ပတ်ခန့် ကြိုတင်ပြင်ဆင်ပါ။
ငါးမွေးကန်တစ်ခုအတွက်လိုအပ်သောပစ္စည်းများ
  ၁။ အဖုံးပါငါးမွေးကန် (အချို့ငါးများသည် ခုန်ထွက်တတ်သောကြောင့်၊အခြားအိမ်မွေးတိရစ္ဆာန်များ၏ ရန်မှကာကွယ်ရန်)
  ၂။ ငါးကန်တင်ရန်စင် သို့မဟုတ် ခုံ
  ၃။ ရေစစ်စက် (အညစ်အကြေးများနှင့် အဆိပ်အတောက်များ သန့်စင်ရန်)
  ၄။ ငါးကန်မီးချောင်း
  ၅။ ပလတ်စတစ်ပိုက်ပျော့ (ငါးကန်မှရေလဲလှယ်ရန်)
  ၆။ လေမှုတ်စက်၊ ပိုက်၊ လေမှုတ်ကျောက်
  ၇။ အပူပေးကိရိယာ
  ၈။ သာမိုမီတာ
  ၉။ ကြမ်းခင်းကျောက်
 ၁၀။ ရေ pH စမ်းပစ္စည်းများ
 ၁၁။ ရေမှော်ပင်ကဲ့သို့သောအပင်များ
 ၁၂။ ငါးကန်အလှဆင်ပစ္စည်းများ
 ၁၃။ ငါးဖမ်းဇကာ
 ၁၄။ ရေပုံးတစ်ပုံး (ငါးကန်မှရေလဲလှယ်ရန်)


ငါးကန်ကိုဘယ်နေရာမှာထားမလဲ
           ငါးကန်ထားရှိဖို့အတွက် အောက်ပါအချက်များကိုစဉ်းစားပါ။
        - ငါးကန်မှ ရေလဲလှယ်စဉ်ရေဖိတ်စင်နိုင်သည်။
        - ငါးကန်မှ ပစ္စည်းများအတွက် လျှပ်စစ်ဓာတ်အားရရှိမည့်နေရာ။
        - ပြတင်းပေါက်၊ ပန်ကာ၊ အဲကွန်းများနှင့် တစ်တန်းတည်းရှိသောနေရာတွင်မထားပါနှင့်။(အပူချိန်အပြောင်းအလဲမြန်သောကြောင့်)
        - နေရောင်ခြည်တိုက်ရိုက်ကျသောနေရာတွင်မထားပါနှင့်။(ရေညှိများပွားမြန်သောကြောင့်)
        - ပုံတွင်ပြထားသည့်အတိုင်းထားပါ

ငါးကန်စတင်ပြင်ဆင်ခြင်း
        ၁။ နေရာရွေးပြီးနောက် စင် သို့မဟုတ် ခုံ ကိုနေရာချပါ။
        ၂။ ငါးကန်ကို ဆေးကြောပါ။ ဆပ်ပြာ၊ချေးချွတ်ဆေးများ မသုံးပါနှင့်။ ရေ၊ အ၀တ်စ၊ ရေမြုပ်တို့ဖြင့်သာ ပွတ်တိုက်ဆေးကြောပါ။
        ၃။ ကြမ်းခင်းကျောက်များကို အနည်းဆုံး (၅)ကြိမ်ခန့် ပွတ်တိုက်ဆေးကြောပါ။
        ၄။ ငါးကန်ထဲထည့်မည့်ပစ္စည်းများကို ပွတ်တိုက်ဆေးကြောပါ။
        ၅။ ငါးကန်ကိုနေရာချပါ။ ကြမ်းခင်းကျောက်ထည့်ပါ။
        ၆။ ရေဖြည့်ပါ။ အပင်များ၊ပစ္စည်းများ ထည့်ပါ။
        ၇။ ဖိတ်စင်နေသောရေများ သုတ်ပါ။
        ၈။ ပလတ်များတပ်ပါ၊ဖွင့်ပါ။
        ၉။ ရက်အနည်းငယ်စောင့်ပါ။ထို့နောက် မွေးမြူမည့်ငါးကို ထည့်နိုင်ပါပြီ။

  ရေကိုအနည်းဆုံး (၁)ပတ်(၁)ခါ ၂၀% လဲပေးပါ။ နေ့တိုင်းလဲနိုင်ရင် ပိုကောင်း၏။
  အစာကို (၂)မိနစ်အတွင်း စားနိုင်သလောက်သာကျွေးပါ။တစ်နေ့ (၂-၃)ကြိမ်ကျွေးနိုင်သည်။