Friday, November 30, 2012

ဖိုက်တာငါးသားဖောက်ခြင်း

 ဖိုက်တာငါးအထီးဟာ သားဖောက်ဖို့အတွက်အမြဲအဆင်သင့်ဖြစ်နေပါတယ်။ အမဟာ ဥများဖြင့်ပြည့်နေရင်တော့ သားဖောက်ဖို့အတွက်အဆင်သင့်
ဖြစ်ပါပြီ။ ငါးဂါလံဆန့်ကန်ကို အနက်လေးလက်မထက် မပိုသော pH (၆.၈) ခန့် အဆင့်ရှိရေ ဖြည့်ပြီး ရေအပူချိန် (၇၈ံ)ဖာရင်ဟိုက်ခန့် ထားပေးပါ။ ကန်၏အလယ်တွင်
မှန်တစ်ချပ်ကာပေးပါ။ တစ်ဖက်ဆီတွင် အထီးအမ တစ်ကောင်ဆီထည့်ပါ။ (သို့မဟုတ် ကန်ထဲတွင် အထီးထည့်ပြီး အမကို ဖန်ပုလင်းဖြင့်ထည့်ပြီး အထီးမြင်နိုင်အောင်
ကန်နားတွင် ကပ်ထားပါ)  အထီးရှိသောဘက်တွင် အလျား(၄)-အနံ(၃)လက်မခန့်ရှိသော ပလတ်စတစ်စကို ထည့်ပါ။ တီ၊ ပိုးလောက်လန်း စသောအစာအရှင်ကို
တစ်နေ့ (၄-၅)ကြိမ်ခန့် ကျွေးပါ။ တပတ်ခန့်စောင့်ကြည့်ပါ။ အထီးသည် ပလတ်စတစ်စအောက်တွင်အမြှပ်ဖြင့် အသိုက်ဆောက်ပါလိမ့်မည်။ ရေမနောက်လျှင်ရေမလဲပါနှင့်။
ရေလဲမည်ဆိုလျှင် ရေ(၁၀%)ခန့်ကိုပိုက်ဖြင့် စုပ်၍ အသိုက်ကိုမထိခိုက်စေဘဲ လဲပေးနိုင်သည်။
            အသိုက်သည် (၁-၂) လက်မခန့် အထူ၊ အမသည် ဥများဖြင့် ဖောင်းကားနေသောအခါ ကာထားသောမှန်ကို ဖယ်ရှားပေးပါ။(အမကို အထီးရှိသောကန်ထဲသို့
ထည့်ပါ။) အထီးသည် အမနောက်သို့လိုက် လိုက်၊အသိုက်လုပ်လိုက်ဖြင့် အလုပ်ရှုပ်နေမည်။ အမသည် ဥဥချခါနီးသောအခါ အထီးကိုယ်ကို
ပါးစပ်ဖြင့်တိုးဝင်လိမ့်မည်။ ထို့နောက် အထီးသည် အမကို ကိုယ်ဖြင့် ရစ်ပတ်ပြီး ဥများကိုညှစ်ချပါလိမ့်မည် ။ အမ၏စအိုမှ သေးငယ်ဖြူဖွေးသော ဥများကျလာပြီး
အထီးက ဥများကိုပါးစပ်ဖြင့် ငုံပြီးအသိုက်သို့ လေနှင့်အတူ မှုတ်တင်ပါလိမ့်မည်။ ဥဥချိန်သည် (၃-၄)နာရီခန့်ကြာတတ်ပါသည်။ ဥများကုန်သောအခါ အထီးသည်
အမကို အသိုက်နှင့်ဝေးရာသို့ ကိုက်ထုတ်ပါလိမ့်မည်။ ထိုအခါ အမကို ကန်မှညင်သာစွာဖယ်ထုတ်ပြီး မူလကန်တွင် ပြန်ထားပါ။ (၂-၃)ရက်ခန့်ကြာသောအခါအကောင်
စတင်ပေါက်လာမည်ဖြစ်သည်။

No comments:

Post a Comment